အိပ်ဆေးတွေကို စွဲသောက်တဲ့အခါ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမလဲ
အိပ်ဆေးဆိုတာ ညဘက်အိပ်မပျော်တဲ့သူတွေနဲ့ ရောဂါဝေဒနာကြောင့် အပြင်းအထန် နာကျင်မှုဝေဒနာခံစားနေရသူတွေကို ညဘက်အိပ်ပျော်နိုင်စေဖို့ ပေးတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။
ဘယ်လိုအိပ်ဆေးအမျိုးအစားဖြစ်ပါစေ ဆေးပြင်းဖြစ်တဲ့အတွက် ခဏတာသောက်ဖို့အတွက်သာဖြစ်ပြီး ရေရှည်စွဲသောက်ဖို့တော့ ညွှန်းမှာမဟုတ်ပါဘူး။
ဒီလိုအိပ်ဆေးပြင်းတွေကို ရေရှည်စွဲသောက်တဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့…
၁။ ဦးနှောက်အာရုံကြောစနစ် အားလျော့သွားပြီး လေးလံထိုင်းမှိုင်းတာ၊ အာရုံစိုက်မရတာ၊ ထင်ယောင်ထင်မှားပုံရိပ်တွေ မြင်လာတာ၊ ခေါင်းမူးအော့အန်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။
၂။ တစ်နေ့တာ သွားလာလှုပ်ရှားမှု၊ အစာစားခြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို ကမောက်ကမဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကျဆင်းစေပါတယ်။
၃။ နေ့ဘက်မှာ မူးဝေပြီး နုန်းချိနေတာ၊ အိပ်ရေးမဝသလိုဖြစ်ပြီး မျက်စိအမြင်အာရုံဝေဝါးတာတွေ ဖြစ်လာနိုင်ပါတယ်။
၄။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်တဲ့ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်လွန်ကဲခြင်း၊ အတွေးလွန်ခြင်း ဖြစ်နိုင်ခြေပိုများလာနိုင်ပါတယ်။
၅။ အိပ်ဆေးတွေဟာ ညဘက်အိပ်ပျော်စေဖို့သာ ကူညီပေးတာဖြစ်ပြီး အိပ်မပျော်ခြင်း အဓိကဖြစ်စေတဲ့ အကြောင်းရင်းခံကို ကုသပေးတာမဟုတ်တဲ့အတွက် အိပ်ဆေးရပ်လိုက်တာနဲ့ ညဘက်အိပ်မပျော်တဲ့ပြဿနာက အရင်လိုပဲ ဖြစ်နေဦးမှာပါ။
၆။ အိပ်ဆေးနဲ့ပတ်သက်လာရင် အကြီးမားဆုံးပြဿနာကတော့ ဆေးစွဲသွားတာပါပဲ။
၇။ အိပ်ဆေးမသောက်ရတဲ့အခါ တစ်ခုခုလိုအပ်နေသလို ခံစားရတာ၊
၈။ အိပ်မပျော်နိုင်တော့ဘဲ မျက်စိကြောင်နေတာ၊ အိပ်ဆေးမသောက်ရရင် ခြေလက်တုန်ရီနေပြီး အာရုံစူးစိုက်မရတာတွေ ဖြစ်လာနိုင်ပါတယ်။
အကယ်လို့ သင့်မှာ ညဘက်အိပ်မပျော်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ် အိပ်ဆေးမသောက်ခင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အရင်ဆုံးပြသတိုင်ပင်ကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်